Friday, May 1, 2009

1st Anniversary

စိမ်းကားမှုတွေ တိုက်ခတ်တိုင်း
နှလုံးသားသစ်တစ်ပင်ဟာ
နာကျင်စွာလှုပ်ရမ်းနေရတယ် သူဇာ

ဒီနေ့(၇)ရက်(၄)လ ၂၀၀၉မှာ
ငါ့အလွမ်းက ငါးနှစ်ကျော်
ကိုနဲ့အသဲ ဇာတ်လမ်းလေးက
တစ်နှစ်ပြည့်ခဲ့ပေမယ့်
နင်စွန့်ကျဲခဲ့တဲ့
အပေးအယူမမျှ ချစ်ခြင်းအစအနတွေဟာ
အရုပ်စာလိုလို ပုစ္ဆာလိုလို
နားလည်ရခက်ခဲ့တယ်

နင်ဝင်မလာခင်ကတည်းက
အချိန်မရွေး ပြန်ထွက်သွားနိုင်မယ့်
တံခါးချပ်ကို
ခက်ခက်ခဲခဲနဲ့ တည်ဆောက်ပြီးသားမို့
နှုတ်မဆက်ပဲထွက်သွားနိုင်ပါတယ်

သတိရလို့ဖုန်းဆက်မိတိုင်း
အကြင်နာခေါ်လည်းမထူး
သူဇာခေါ်လည်းမထူး ။ ။

Sunday, April 5, 2009

ကြွေရွက်

ရိုးညှာတံ ကိုင်းဖျားက
စိမ်းကားလို့ မကြင်နာ။

နွေအပူ မျှော်ချင့်ရင်း
လေကလူ အဖော်ဆင့်ပါလို့
မျှော်လင့်ချက် စုံးစုံးမြှုပ်အောင်
ဖြုတ်ခြွေရက်တာ....

ကြေကွဲတော့ ကြေကွဲစရာ
သို့ပါသော် ဟန်မပျက်....

သခင်စိမ်းပေမယ့်
ရင်ငြိမ်းစွာ သည်းခံစတမ်းပါပဲ
လောကခွင် အလှလွှမ်းစေဖို့
အလွမ်းတွေ သူမလုပ်ပါဘူး
ပန်းထုပ်တဲ့ဖက်။

Friday, March 27, 2009

မှားယွင်းမှု

အလွမ်းရဲ့သယ်ဆောင်ရာညများထဲ
စိတ်တွေလေနောက် မျောလွင့်ချိန်မှာ
သူ့တစ်ယောက်သာ သတိရတယ်..

တမ်းတမိသူက အပယ်ခံဘ၀ကပါ
ရေခံစာမျက်နှာလို ချန်လှပ်ခြင်းခံရသူ

နွေနေပူမှာ လေပူတိုက်သလိုပဲ
စပ်ဖျဉ်းဖျဉ်းနဲ့ နာကျင်နေတယ်

မရေရာမသေချာတဲ့ဘ၀မှာ
စေစားရာမပါတဲ့ ဆန္ဒနဲ့နှလုံးသားရင်ထဲမှာ
(နင့်ရင်ထဲမှာ)
ဘယ်အရာကိုမှ ကောင်းတယ်ထင်လဲ
တစ်ဖက်သတ်ချစ်ခြင်း အပြစ်ကင်းပေမယ့်
ယုံကြည်မဲ့တယ် ထင်ရက်တယ်ကွယ် ....။

Friday, March 13, 2009

ကိုယ့်ဘ၀ပုံပြင်

ချစ်သူ...
မခုံမမင်မယုံချင်သော်
ပုံပြင်တစ်ခုဆိုပါတော့ ။

ချောင်းတစ်ဖက်ကမ်း ခပ်လှမ်းလှမ်းတွင်
စိမ့်စမ်းရေကြည် ခွေရစ်လည်လျှက်
ချိုမြသီးနှံ ပေါပြည့်လျှံသည့်
တောယံတောအုပ်ရှိလေ၏ ။

ဒီဖက်ကမ်းမှ လူတိုင်းကျော်လွှား
ဖြတ်သန်းသွားရန်
တံတားနှစ်ခုရှိတယ်ထား ။
တံတားတစ်ခု ထုထည်ခိုင်ခံ့
ကြံ့ကြံ့မားမတ် သစ်ဝါးညှပ်၍
သပ်ရပ်တည်ရှိ နေလေ၏ ။

ကျန်တံတားက
ဝါးတိုင်ယိမ်းနွဲ့ ယိုင်ယဲ့ယဲ့နှင့်
လေသွဲ့တိုင်းခါ လေလာတိုင်းလှုပ်
ပြုတ်ကျမလား ပြိုမလားနှင့်
ချောက်ချားရင်တုန်စရာပေါ့ ။

လူအများက မြသားစိမ်းစို
တောအုပ်ကိုသွား သစ်တံတားမှ
ဖြတ်သန်းနေကျ စိတ်လက်ချ၏
ဘာမှခက်ခဲပုံမပေါ် ။
တံတားအိုမှ ဖြတ်ကျော်ရလျှင်
ချော်ကျနိုင်သေး စိတ်မအေးပါ
သွားလိုရာကို
ဘယ်မှာလွယ်လွယ် ရောက်ပါ့မလဲ ။

ကဲ ချစ်သူ....
လူတိုင်းမသွား စိတ်ချောက်ချားသည့်
တံတားအိုမှ ဖြတ်ကျော်ကြရန်
ဆန္ဒလည်းရှိ သတ္တိလည်းဖက်
ယုံကြည်ချက်မြဲ
စိတ်ရဲရဲနှင့်
မင်းလည်းသွားဝံ့ပါ့မလား ။

မခုံမမင် မယုံချင်သော်
ပုံပြင်ပဲထား မင်းစဉ်းစားပါ
တံတားအိုက ကိုယ့်ဘ၀၏
ဖြစ်ရပ်တစ်ခု ဆိုပါတော့ ..။ ။

အချစ်ဆိုတာသစ္စာမရှိပါ

သစ္စာသည်သာကိုးကွယ်ရာမို့
ချစ်တာလည်း ထိုသစ္စာ
မေတ္တာသည်လည်း ဤ သစ္စာ
သြော်.. နောက်ဆုံးမှာတော့လေ
ချစ်တာရယ် မေတ္တာရယ်က
ပစ်ပယ်ကာ ခွာရှောင်ခဲ့လေတော့
သစ္စာရယ်ဆိုတာက
အနှစ်မပါ အချစ်ဗလာ
အနစ်နာဆိုတာ နတ္ထိ
တတ်သိနားလည်စေရာသည်အဖြစ်က
အချစ်ဆိုတာက သစ္စာမရှိပါ..။ ။

Sunday, March 8, 2009

အညတြရနဲ့ခေတ်လုံမပျို

သူက
FM ရေဒီယိုသံနဲ့ မနက်ခင်းအစပြုပြီး
PCO တေးသွားနဲ့ မျက်နှာသစ်သူပါ
ကျွန်တော်ကတော့
ရွာဦးအုန်းမောင်းခေါက်သံနဲ့ နိုးထပြီး
အရုဏ်ဦးနဲ့ ရင်းနှီးခဲ့သူပါ။

သူက
စက်တပ်ယာဉ်တွေ အကူအညီနဲ့
ဟန်ချက်ညီညီ သွားလာလှုပ်ရှားတတ်သလို
ကျွန်တော်က
နွားတစ်ရှဉ်းဆင်တဲ့ လှည်းယာဉ်နဲ့
ရိုးမတစ်ခွင်ပြဲပြဲစင်ခဲ့သူပါ။

သူက
ကြုံရင်ကြုံသလို
တိုင်းတစ်ပါးဘာသာစကားနဲ့
ကြားညှပ်ပြောတတ်သလို
ကျွန်တော်က
စကားလိမ်တွေ ဗုဒ္ဓ၀င်တွေနဲ့
စီကာပတ်ကုံးပြောတတ်သူပါ။

သူက
နိုင်ငံခြားဖြစ် အ၀တ်အစားကို
shopping centre တွေမှာ
ဈေးကြီးပေး
ဝယ်ဝတ်တတ်သလို
ကျွန်တော်က
ညီမလေး ရက်ပေးတဲ့
မြန်မာ့ချည်ထည်ဆန်းတွေကို
ဂုဏ်ယူဝင့်ကြွားစွာ
ဝတ်ဆင်တတ်သူပါ။


ဒီလို
ကျွန်တော်တို့နှစ်ယောက်
နီးစပ်ဖို့ကြိုးစားတုန်း
လင်းကြက်တွန်သံကြောင့်
အိပ်မက်ကလေး
အဝေးထွက်ပြေးသွားတယ်ဗျာ.......။ ဟူး

လွမ်းရတဲ့အကြောင်းတွေ

ချစ်သူ
ကျိုက်မရောမှာခြေချပြီး
သုံးနှစ်အကြာ
ငါ့နှလုံးသားအလုံးကြီး
ကြွေကျတာ....မင်းကြောင့်ပေါ့။

အရွယ်ကလည်းငယ်
မာယာကြွယ်တဲ့လောကကြီးအကြောင်း
ဘာမှမသိသေးဘူး
အချစ်ဆိုတာ.....ဝေလာဝေး

ငါ့လမ်းငါလျှောက်ရင်း
နင့်အပြုံးကိုခလုတ်တိုက်မိတဲ့ အနာ
ခုထိ
ပလာစတာမခွာရသေးဘူးဆိုတော့ 
နင်ရယ်မယ်။

ဟုတ်တယ် ချစ်သူ
အကြင်နာတွေရင်မှာသိမ်းလို့
နင်အမြင်မှာ
ခပ်စိမ်းစိမ်းဖြစ်ခဲ့တာပါဟာ။

အခုတော့လည်း
အတ္ထရံမြစ်ကမ်းပါးကလေနုအေးနဲ့
ကျိုက်မရောမြို့အ၀င်က
ထန်းပင်တန်းတွေ
မမြင်ရတာကြာခဲ့ပြီ

ဟိုးအဝေးကမြို့ငယ်လေးတစ်မြို့ရဲ့
ညနေခင်းတိုင်း
ဘုရားကြီးနားမှာရစ်သီရစ်သီလုပ်နေတဲ့
ကောင်လေးတစ်ယောက်လည်း
မတွေ့ရတာကြာခဲ့ပြီ။

ဒါတင်ဘယ်ကမလဲ
Pheasant ပြာစက်ဘီးလေးနဲ့
ကျောင်းသူလေးလည်း
တခါတခါ
ပျောက်ကွယ်နေတတ်တယ်။

ချစ်သူရေ
ငါကတော့
နင်မရှိတဲ့တစ်ရက်ကို
ကြယ်တစ်လုံးအဖြစ်ဖန်ဆင်းပြီး
ကောင်းကင်ထဲ
ပို့လွှတ်နေမိတုန်းပဲ။

ကြယ်စင်ဟာ
လမင်းကိုခစားရတယ်ဆိုတာ
အလကားပါချစ်သူ
လမင်းကြီးကသာ
ပေါ်လာလိုက်ပျောက်သွားလိုက်နဲ့
ပြောင်းလဲတတ်သူပါ
ဒါကြောင့်......ကိုယ်ချစ်သူကို
လမင်းလေးလို့ မတင်စားရက်ပါဘူး။

လမင်းလို အလင်းရောင်များများမပေးနိုင်လည်း
အခါမလပ်
ကိုယ့်ကောင်းကင်မှာ
ကြယ်စင်လေးအဖြစ်
ရှိနေပေးပါချစ်သူ။

ကြယ်ကြွေတိုင်းလည်း
ဆုတောင်းမိတယ်
ငါ့နှလုံးသားထဲကြွေဆင်းပါစေလို့။

ခုဆို
ဘာလိုလိုနဲ့
ကျိုက်မရောမြို့ကောင်းကင်ယံမှာ
ငါဖန်ဆင်းထားတဲ့ကြယ်စင်တွေ
နင့်ကိုခြံရံလို့
လှပတဲ့ညယံတစ်ခု
ဖြစ်တည်သွားတယ်။

Friday, March 6, 2009

ရာမညမြေမှလွမ်းကဗျာ

တောင်ယံကွယ်စေတီစွန်းက
ယွန်းလုလု နေ၀န်းနီ.....

ငှက်ကလေးတွေ အုပ်ဖွဲ့ရင်း
သိုက်မြုံတွင်းသို့ပြန်ကြပြီ...

လွမ်းစိတ်နှင့် မှန်းလို့ရည်
အို......သိမည်တော့မထင်ဝံ့....

ဟိုအဝေးစီက
လှေကလေးနာဝါရဲ့
သူရှိရာရောက်ခဲ့စမ်းလျှင်ဖြင့်
တမ်းမိသူနွဲ့လျထွေးမှာတော့
အဆွေးတဖိုဖိုနဲ့
ငိုမလိုမျက်ရည်ဝဲပြီလို့
ပြောပေးပါရှင့် ......။

မြစ်တစ်းနဲ့ပင်လယ်

ချိုသဲရေ....
မင်းရဲ့နှောင်ကြိုးတွေမှာ
ထာဝရချစ်ခြင်းတွေနဲ့
ငါဟာဝပ်စင်းနေခဲ့သူပါ..

ဒါနဲ့များတောင်မှ
ချစ်လို့မုန်းလိုက်ပြီတဲ့လေ...

မချစ်ချင်လို့ပဲဖြစ်ဖြစ်
အပြစ်မြင်လို့ပဲဖြစ်ဖြစ်
အလိုမတူတာပဲဖြစ်ဖြစ်
ငြူစူတာပဲဖြစ်ဖြစ်ပေါ့

ငါဟာ
ပင်လယ်ထဲဘ၀ပျက်ခံစီးဝင်တဲ့
နေ၀င်မြစ်တစ်စင်းဖြစ်ခဲ့ပြီ...

မှားယွင်းစီးဆင်းမိတဲ့
ပင်လယ်ပျက်ကြီးထဲမှာ
အနည်ထိုင်ဖို့မကြိုးစားပဲ
ရေငွေ့လေးတွေအဖြစ်
အငွေ့ပျံထဖို့ အားထုတ်နေမိသူပါ...

ချိုသဲရေ
ငါဟာမိုးသားတွေအဖြစ်
မပြောင်းသေးသရွေ့တော့
မင်းစိုက်ခဲ့တဲ့အလွမ်းပင်တွေ
ငါ့ရင်ထဲ
သီးပွင့်နေမှာအမှန်ပဲ......။

Where is may?

နွေပိတောက်တွေပွင့်ပြီ
မေတစ်ယောက်ဘယ်မှာလွင့်နေလဲကွယ်...

...........................
...........................


ရှင်ရက်ကယ်သေ
ကြင်သက်ရယ်ပြင်ခွင့်မရှိတော့ပြီလား?

ဘ၀နွံဝဲဂယက်မှာ
ပြေးလို့သာမော
နောင်ဘ၀တမလွန်ရှိခဲ့ရင်သာ
ပေါင်းဖက်မယ်စိတ်စော
သြော်
အခုတော့...
ဘ၀နွေအနုသယတောမှာ
သမုဒယအမောတွေကင်းပြီး
သုခတောမှာပျော်မွေ့ပါစေ မေ...

ကိုတစ်ယောက်တည်း
နွေရောက်ပြီဆို.....

မေတစ်ယောက်ဘယ်မှာရှိနေမလဲ
နွေပိတောက်ဘယ်ခါပွင့်မှာလဲကွယ်.........။

Monday, March 2, 2009

ဖြစ်ချင်းဖြစ်

ညီမလေးရယ်
အုတ်ဂူပေါ်ငိုချ မျက်ရည်ကျတဲ့လူ
ငါမဖြစ်ချင်ဘူး
အုတ်ဂူထဲကလူလည်း မဖြစ်ချင်ဘူး
ဖြစ်ချင်းဖြစ်
မျက်ရည်သာဖြစ်လိုက်ချင်တယ်

နှလုံးသားကိုကလိန်ကျ မာယာများတဲ့လူ
ငါမဖြစ်ချင်ဘူး
အသဲကွဲတဲ့လူလည်း မဖြစ်ချင်ဘူး
ဖြစ်ချင်းဖြစ်
နှလုံးသားပဲဖြစ်လိုက်ချင်တယ်

ညီမလေးရယ်
ခွဲခွာရကြေးဆိုရင်လည်း....
ဆိပ်ကမ်းမှာကျန်ရစ်မယ့် နှုတ်ဆက်သူ
ငါမဖြစ်ချင်ဘူး
ဥသြသံနဲ့အတူ ပျော်ရွှင်စွာလွင့်ပါမယ့်
ခရီးသွားလည်းမဖြစ်ချင်ဘူး
ဖြစ်ချင်းဖြစ်
ဆုံဆည်းခြင်းပဲဖြစ်လိုက်ချင်တယ်

တကယ်ပါညီမလေးရယ်
ညီမလေးအတွက်လည်း
အကြံအဖန်နဲ့
အရံလူမဖြစ်ချင်ဘူး
ဖြစ်ချင်းဖြစ်
အမှန်အကန်လူပဲဖြစ်လိုက်ချင်တယ်