Friday, March 13, 2009

ကိုယ့်ဘ၀ပုံပြင်

ချစ်သူ...
မခုံမမင်မယုံချင်သော်
ပုံပြင်တစ်ခုဆိုပါတော့ ။

ချောင်းတစ်ဖက်ကမ်း ခပ်လှမ်းလှမ်းတွင်
စိမ့်စမ်းရေကြည် ခွေရစ်လည်လျှက်
ချိုမြသီးနှံ ပေါပြည့်လျှံသည့်
တောယံတောအုပ်ရှိလေ၏ ။

ဒီဖက်ကမ်းမှ လူတိုင်းကျော်လွှား
ဖြတ်သန်းသွားရန်
တံတားနှစ်ခုရှိတယ်ထား ။
တံတားတစ်ခု ထုထည်ခိုင်ခံ့
ကြံ့ကြံ့မားမတ် သစ်ဝါးညှပ်၍
သပ်ရပ်တည်ရှိ နေလေ၏ ။

ကျန်တံတားက
ဝါးတိုင်ယိမ်းနွဲ့ ယိုင်ယဲ့ယဲ့နှင့်
လေသွဲ့တိုင်းခါ လေလာတိုင်းလှုပ်
ပြုတ်ကျမလား ပြိုမလားနှင့်
ချောက်ချားရင်တုန်စရာပေါ့ ။

လူအများက မြသားစိမ်းစို
တောအုပ်ကိုသွား သစ်တံတားမှ
ဖြတ်သန်းနေကျ စိတ်လက်ချ၏
ဘာမှခက်ခဲပုံမပေါ် ။
တံတားအိုမှ ဖြတ်ကျော်ရလျှင်
ချော်ကျနိုင်သေး စိတ်မအေးပါ
သွားလိုရာကို
ဘယ်မှာလွယ်လွယ် ရောက်ပါ့မလဲ ။

ကဲ ချစ်သူ....
လူတိုင်းမသွား စိတ်ချောက်ချားသည့်
တံတားအိုမှ ဖြတ်ကျော်ကြရန်
ဆန္ဒလည်းရှိ သတ္တိလည်းဖက်
ယုံကြည်ချက်မြဲ
စိတ်ရဲရဲနှင့်
မင်းလည်းသွားဝံ့ပါ့မလား ။

မခုံမမင် မယုံချင်သော်
ပုံပြင်ပဲထား မင်းစဉ်းစားပါ
တံတားအိုက ကိုယ့်ဘ၀၏
ဖြစ်ရပ်တစ်ခု ဆိုပါတော့ ..။ ။

No comments:

Post a Comment